Aug 29, 2008

New Friend Finder For Burmese

အယင် တစ်ခါ ဒီမှာ မိတ်ဆက်ပေးခဲ့ ဖူးတဲ့ ShweRooms.com ကတော့ အခု တော်တော်လေး စည်စည်ပင်ပင် ဖြစ်နေတာကို တွေ့ရပါတယ်။ အခုတဖန် ထပ်မံပြီးတော့ ShweRooms အဖွဲ့သားများရဲ့ ထပ်မံကြိုးစားမှုတစ်ခုလို့ ထင်ပါတယ်။ Shwelove.com ဆိုတဲ့ စာမျက်နှာလေး ထပ်မံ လွှင့်တင်ထားတာ တွေ့ရှိရပါတယ်။ Online ပေါ်မှ ရွှေမြန်မာများ ရေစက်ဆုံနိုင်စေရေး စာမျက်နှာ အသစ်လေးကို နောက်မကျခင်လေး အပြေး သွားရောက် ကြည့်ရှု နိုင်စေရေး လက်တို့ လိုက်ရပါတယ်ဗျာ။

Aug 28, 2008

Moving to Next Step..

လကုန်ရင် အလုပ်ပြောင်းတော့မဲ့ အကြောင်း အယင်တစ်လက သူဌေးကို ပြောဖြစ်တယ်။ နှုတ်ထွက်စာ တင်တဲ့နေ့မှာပဲ သူဌေးက ခေါ်တွေ့တယ်။ ဘာအခက်အခဲ ရှိလို့လည်း။ ဘာအဆင်မပြေတာ ရှိလို့လည်း။ ပြေပြေလည်လည်ပဲ ပြန်ပြောပြ ဖြစ်ပါတယ်။ အဆင်မပြေတာ မရှိပါဘူး။ ဒီကုမ္ပဏီမှာ နေခဲ့ရတဲ့ အချိန်တွေ အတွင်း အစစ အရာရာ အဆင်ပြေပါတယ်။ ပြောင်းရခြင်းက ကျွန်တော် လုပ်ချင်တဲ့ လုပ်ငန်းပုံစံမျိုး ဖြစ်တာ တစ်ကြောင်းရယ်။ လခပိုကောင်းတာ တစ်ကြောင်းရယ်ကြောင့်ပါပေါ့။ ဘယ်လောက်တောင် ပိုပေးလို့လည်း မေးပါတယ်။ လက်ရှိလစာကို ၃၀ % ထပ်ပေါင်းထည့်ပေးတဲ့ ပမာဏပေးတယ်ပေါ့။ နောက်တစ်ချက် ထပ်မေးတယ်။ ဘယ်လို လုပ်ငန်းခွင်ကို ပြောင်းမှာလည်း။ သူက ထပ်ပြောပါတယ်။ ရှင်းရှင်း ပြောရရင်တော့ ဘယ်ကုမ္ပဏီကို ပြောင်းတာလဲ သိချင်တာတဲ့။ ဒီလို မေးရခြင်းရဲ့ အကြောင်းရင်းက အလုပ်ခန့်လွှာမှာ လက်မှတ်ထိုးစဉ်က သဘောတူညီချက်မှာ ရေးထားတာရှိတယ်။ ဒီကုမ္ပဏီကနေ အလုပ်ထွက်သွားပြီး အချိန် တစ်နှစ်အတွင်း ဒီကုမ္ပဏီနဲ့ လုပ်ငန်းတူ အခြားကုမ္ပဏီတစ်ခုသို့ ၀င်ရောက် လုပ်ကိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ပါဝင်တယ်။ မောင်လူအေးရှေ့က အလုပ်ပြောင်းသွားတဲ့ အခြားလူမျိုး ၀န်ထမ်းတစ်ဦးက လုပ်ငန်းတူ တွဲလုပ်နေတဲ့ မိတ်ဆွေကုမ္ပဏီ တစ်ခုကို ပြောင်းသွားတာမျိုး အဖြစ်မျိုး ရှိထားခဲ့ဖူးလေတော့ သူဌေးက မေးတာပါ။ ဆိုတော့ သူ့ကို ပြောပြရတယ်။ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတူကုမ္ပဏီကို မဟုတ်ပါဘူး။ ဆိုတော့ သူကလည်း သူ့ကုမ္ပဏီမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ကျန်ရှိတဲ့ အချိန်အတွင်းမှာ လုပ်ဆောင်၊ စေချင်တာတွေ မှာကြားပေါ့။

တကယ်တမ်း အလုပ်ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်က ဒီမျှပါပဲ။ သို့ပေမဲ့ ဒီလုပ်ငန်းစဉ်ကို တကယ်လုပ်ဆောင်ဖို့ အတွက် ရှေ့ကကြိုတင် ပြင်ဆင်ရတဲ့ အဆင့်တွေက တော်တော်များပါတယ်။ တစ်အချက် ဒီအလုပ်ကနေ ပြောင်းတော့မယ်လို့ စတင် ရည်ရွယ်တာနဲ့ မိမိရဲ့ ကိုယ်ရေးရာဇ၀င်ကို စတင် ပြင်ဆင်ရပါတယ်။ မိမိကိုယ်ကို ချရောင်းတဲ့ ကြော်ငြာစာရွက်လို့ ပြောရင်လည်း ရတဲ့ ကိုယ်ရေးရာဇ၀င် စာမျက်နှာကို ၀ယ်ယူသူ (တနည်း) အလုပ်ခေါ်တဲ့ အလုပ်ရှင် ဖတ်လိုက်တာနဲ့ အလုပ်ခန့်ချင်အောင် ရေးသားဖို့လိုပါတယ်။ ဘယ်လိုရေးရတယ်၊ ဘယ်လို ရေးရင် ပိုအဆင်ပြေတယ် ဆိုတာကို ထွေထွေထူးထူးပြောနေစရာ မလိုပါဘူး။ ဘာပဲလိုလို Google ထဲမှာပဲ Resume Sample ဆိုပြီးသာ ရိုက်ပြီးရှာလိုက်၊ မဖတ်ချင်မှ အဆုံး များပြားလှတဲ့Resume Sample တွေ မှီငြမ်းကိုးကားစရာတွေ ချည်းပါပဲ။ ဒါက မဖြစ်မနေ လုပ်ရမဲ့ နံပတ် (၁) အချက်ပါ။

ဒုတိယအဆင့် အနေနဲ့ လုပ်ရမှာက အလုပ်ရာထူးနေရာ ရှာဖွေရမှာပါပဲ။ လောလောဆယ် မောင်လူအေး နေထိုင်နေတဲ့ ပတ်ဝန်းကျင်နဲ့ ယှဉ်ပြောရရင် ၂ နည်းပဲ ရှိပါတယ်။ သတင်းစာပေါ်ကနေ ရှာရင်ရှာ၊ မရှာချင်ရင် အင်တာနက် ပေါ်ကနေရှာ။ သတင်းစာပေါ်ကနေ ရှာတဲ့နည်းက မြင်သာထင်သာရှိတယ်၊ မျက်စိနဲ့ တန်းခနဲ တွေ့ရတယ်၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပတ်၊ အီးမေးလ်နဲ့ ဖက်စ်နံပတ်တွေ တိုက်ရိုက် အလွယ်တကူ မြင်လွယ်တဲ့အတွက် ပိုမြန်တယ် ထင်နိုင်ပါတယ်။ သို့ပေမဲ့ မောင်လူအေး အနေနဲ့ဆိုရင်တော့ ဗုဒ္ဓဟူးတစ်ရက်၊ စနေတစ်ရက် နှစ်ရက် တစ်ရက် ပြား ၈၀ အကုန်ခံပြီး ၀ယ်ရမှာကို ပိုက်ဆံ နှမြောတာက တစ်ကြောင်း၊ သတင်းစာက မနက်စောစော ၀ယ်ရင်ဝယ်၊ မ၀ယ်လို့ကတော့ ညနေဖက် အလုပ်ပြန်တဲ့ အချိန်ဆို ဆိုင်တွေမှာ သတင်းစာ မရှိတော့တာက တစ်ကြောင်းကြောင့် မ၀ယ်ဖြစ်ပါဘူး။ နောက်တစ်နည်း ဖြစ်တဲ့ အင်တာနက်ပေါ်က ရှာတဲ့နည်း။ သူလည်း အလုပ်ခေါ်တဲ့ ဆိုက်တွေ မှတ်ထားရမယ်။ ကိုယ့် အလုပ်အကိုင်နဲ့ ထပ်တူညီတဲ့ အလုပ်တွေ ရှာရဦးမယ်။ အင်မတန်မှ ပျင်းစရာကောင်းပါတယ်။ ချက်တင်ပြောရတာ၊ ရုပ်ရှင်ကြည့်ရတာလောက် စိတ်ဝင်စားစရာ မကောင်းဘူး ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ဆိုတော့ အဲဒီလိုလည်း မရှာချင်ဘူး။ အိုကေ နောက်ဆုံး အလွယ်ဆုံး တစ်နည်း ရှိပါတယ်။ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တင်တဲ့ ၀ဗ်ဆိုက်တွေမှာ Job Alert Email က Subscribe လုပ်ထားလိုက်ပါ။ တစ်နေ့တစ်နေ့ မမြင်ချင်မှ အဆုံး Email Alert တွေ ပို့ပေးပါလိမ့်မယ်။ မောင်လူအေးဆိုရင် JobsDB, JobStreet, JobCentral, JenJob, ExpactJobs, နဲ့ BestJobsSingapore ဆိုက်တွေမှာ Subscribe လုပ်ထားလိုက်တာ တစ်နေ့တစ်နေ့ အီးမေးလ်စစ်လိုက်တာနဲ့ သူတို့ ပို့ထားနှင့်တဲ့ အလုပ်ကြော်ငြာတွေ တပုံတခေါင်းတွေ့ရတတ်ပါတယ်။ အဲဒီထဲက ကိုယ်နဲ့ အဆင်ပြေတဲ့ အလုပ်လေး ကလစ်တစ်ချက် နှိပ်ပြီး သွားကြည့်ရုံပါပဲ။

ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တော့ တွေ့ပါပြီ။ ဘယ်လို လျှောက်မလဲ။ များပြားလှစွာသော အလုပ်ကြော်ငြာတဲ့ ဆိုက်တွေမှာ အလုပ်ကြော်ငြာ စာမျက်နှာမှာ တစ်ပါတည်း ကလစ်နှိပ်လျှောက်ထားလို့ ရအောင် စီစဉ် ပေးထားပါတယ်။ Quick Apply ဆိုတဲ့ ခလုပ်လေးတွေ ထည့်ထည့်ပေးထားတတ်ပါတယ်။ အဲဒီခလုပ်လေးကို တစ်ချက်နှိပ်ပြီး လျှောက်ရုံပါပဲ။ တကယ်တမ်း အဲဒီလို လျှောက်တဲ့အခါ အလုပ်ပြန်ခေါ်တဲ့ နှုံးနည်းတာ တွေ့ရပါတယ်။ အဲဒီ Quick Apply နဲ့ လျှောက်တဲ့ အလုပ်လျှောက်လွှာတွေ အလုပ်ရှင်ဆီကို ကြော်ငြာ ၀ဗ်ဆိုက်ကနေ ပို့ပေးပါတယ်။ အကယ်၍ ခန့်ထားခဲ့တယ်ဆိုရင် အလုပ်ခေါ်တဲ့ ကုမ္ပဏီက ကြော်ငြာဝဗ်ဆိုက်ကို ၀န်ဆောင်ခပေးရပါတယ်။ ဒါက ရန်ကုန်က TTS တို့၊ DEVICE တို့၊ ES တို့နဲ့ လုပ်ငန်း သဘောချင်းတူတူပါပဲ။ ဆိုတော့ ကိုယ်တိုင်လာရောက် လျှောက်ထားတဲ့ လျှောက်လွှာနဲ့ ကြော်ငြာဝဗ်ဆိုက်ကနေ လာတဲ့ လျှောက်လွှာဆိုရင် ကိုယ်တိုင်တင်တဲ့ လျှောက်လွှာကို အလုပ်ရှင်တွေ ပိုစိတ်ဝင်စားတဲ့ သဘောရှိပါတယ်။ ဆိုတော့ မောင်လူအေးက ပေးထားတဲ့ အီးမေးလ်လိပ်စာလေးကို ကူးပါတယ်။ ကိုယ်ပိုင် ဂျီမေးလ်ထဲမှာ ကော်ပီပွားပါတယ်။ ပြီးနောက် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက် ဖိုင်ကို Attach လုပ်ပြီး ပို့လိုက်ရုံပါပဲ။

မောင်လူအေးလျှောက်စဉ်တုံးကတော့ အလုပ်ကြော်ငြာဆိုက်တွေကနေ ပို့တဲ့ ကြော်ငြာတွေထဲက ကိုယ်နဲ့ ကိုက်ညီမှု အရှိဆုံး အလုပ်အကိုင် ငါးခုလောက်ပဲ သေချာ လျှောက်ပါတယ်။ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်ထဲမှာ လျှောက်တာ ဖြစ်တဲ့အတွက် စိတ်လိုလက်ရ စိတ်ကြိုက်ဖြစ်တဲ့အထိ မွမ်းမံပြင်ဆင်မှုတွေ လုပ်လို့ရပါတယ်။ တစ်နေ့ကို အီးမေးလ်လေး ၅ စောင်တည်း ပို့တာဖြစ်တဲ့အတွက်လည်း ဘာမှ အပန်းတကြီးလုပ်နေစရာ မလိုအပ်ပါဘူး။ ပုံမှန် အင်တာနက် သုံးတဲ့ အချိန်ထဲက ၁၅ မိနစ်လောက် သုံးလိုက်ရင်ကို ကိုယ်လျှောက်ချင်တဲ့ အလုပ်ငါးခု လျှောက်ထားပြီးပါတယ်။ ရံဖန်ရံခါမှာ ကြုံရတတ်တာက အလုပ်ကြော်ငြာ ဆိုက်တွေမှာ ခန့်ထားမဲ့ ရာထူးသာ ပါဝင်ပြီး၊ လျှောက်ထားရမဲ့ ကုမ္ပဏီရဲ့ အီးမေးလ်လိပ်စာ မပါတာမျိုး ကြုံရတတ်ပါတယ်။ အဲလို အခြေအနေမျိုးမှာ အကယ်၍သာ ခေါ်ယူတဲ့ ရာထူးရဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ့်မှာ ရှိနေတဲ့ ကျွမ်းကျင်မှုနဲ့ ကွက်တိကျနေတဲ့ အခါမျိုးမှာ အီးမေးလ်လိပ်စာ မပါဝင်တဲ့ အတွက် အခွင့်အလမ်း ဆုံးရှုံးရတာမျိုး မဖြစ်ရအောင် နည်းလေး နှစ်ခုရှိပါတယ်။ တစ်နည်းက အလုပ်ခေါ်စာ စာမျက်နှာမှာ ကုမ္ပဏီနာမည် ပါဝင်ခဲ့မယ်ဆိုရင် ကုမ္ပဏီနာမည်ကို ကော်ပီလုပ်လိုက်ပါ။ အဲဒီနောက် နောက်စာမျက်နှာ တစ်ခုဖွင့်ပြီး Google ထဲမှာ ရိုက်ပြီး ရှာကြည့်ပေးပါ။ စင်္ကာပူ ကုမ္ပဏီအတော်များများမှာ ကိုယ်ပိုင် ၀ဗ်ဆိုက်တွေ ရှိနေတတ်ပြီး၊ Google ထဲမှာ အလွယ်တကူပဲ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အချို့သော ကုမ္ပဏီတွေကတော့ ၀ဗ်ဆိုက်လိပ်စာ ရှိမနေတာမျိုး ကြုံရတတ်ပေမဲ့ အနည်းဆုံး ကုမ္ပဏီများ ကြော်ငြာလေ့ ရှိတဲ့ GreenBook လိုမျိုး ကြော်ငြာ စာမျက်နှာမှာ လိပ်စာ ရှိနေတတ်ပါတယ်။ အကယ်၍များ ကံကောင်းခဲ့မယ်ဆိုရင် ဆက်သွယ်ရန် အီးမေးလ်လိပ်စာ အပြင်၊ ဆက်သွယ်ရန် ပုဂ္ဂိုလ်ရဲ့ အမည်ပါ ပါဝင်နေတတ်တာကြောင့် ကော်ပီကူးပြီး လျှောက်ထားရုံပါပဲ။

အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီဆိုပါတော့။ မိမိ လျှောက်ထားတဲ့ အလုပ်အကိုင်နဲ့ မိမိရဲ့ သက်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်မှုအရ အချိန်တစ်ခုအတွင်းမှာ ကုမ္ပဏီတစ်ခုခုကနေ ပြန်လည် ဆက်သွယ်လာပါလိမ့်မယ်။ ဆက်သွယ်လာတဲ့ အချိန်နဲ့ မိမိအားလပ်မဲ့ အချိန်တစ်ခုခု ချိန်ဆပြီး အင်တာဗျူး အချိန်ကို သတ်မှတ်လိုက်ပါ။ အဲဒီနောက်တော့ အင်တာဗျူးသွားဖြေ ပေါ့ဗျာ။ အဲဒီ အင်တာဗျူးမှာ အများဆုံး မေးတတ်တာတော့ ကိုယ်က ပိုတောင်းထားတဲ့ လစာကို ဘာအတွက် မင်းကို ပိုပေးရမလဲ ဆိုတဲ့ မေးခွန်းပါပဲဗျာ။ အဲဒီမေးခွန်းကို အသေအချာ ပီပီပြင်ပြင်ဖြေနိုင်မယ်ဆိုရင်တော့ အလုပ်အကိုင်ရဖို့ အများစု သေချာပြီပေါ့ဗျာ။

အလုပ်အင်တာဗျူးပြီးတဲ့နောက် ခန့်ထားမဲ့ ကုမ္ပဏီနဲ့ ကိုယ်နဲ့ ခန့်အပ်မယ်ဖြစ်ကြောင်း သဘောတူညီချက် ရပြီးပြီဆိုရင်တော့ နောက်ထပ်လုပ်စရာရှိတာ Work Pass လျှောက်ထားရေးပါ။ စင်္ကာပူနိုင်ငံမှာ အလုပ် လာလုပ်နေကြတဲ့ မြန်မာများထဲမှာ အတွေးအခေါ် လွဲနေတာ တစ်ခု ဒီနေရာမှာ ရှိနေပါတယ်။ လက်ရှိ S-pass ဖြစ်စေ၊ EP ပဲ ဖြစ်စေ ကိုင်ဆောင်ထားသူ တစ်ဦးဟာ နောက် S-pass တစ်ခု လျှောက်ထားလို့ ရမရ ဆိုတဲ့ ကိစ္စ၊ MOM ရဲ့ Statement တွေအရ လက်ရှိ Work Pass တစ်ခုခု ကိုင်ဆောင်ထားသူ တစ်ဦးဟာ နောက်ထပ် Work Pass တစ်ခုကို လက်ရှိ အလုပ်အကိုင် လုပ်ကိုင်နေဆဲ ကာလမှာပဲ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားတဲ့ လျှောက်လွှာကို ကိုင်တွယ် သုံးသပ် ချထားပေးဖို့ စုစုပေါင်း ကြာမြင့်ချိန်ဟာ အများဆုံး ရက်သတ္တ တစ်ပတ်သာ ဖြစ်ပြီး၊ ရံဖန်ရံခါမှာ မနက်ခင်းက လျှောက်လွှာတင်တာ ညနေမှာ Approved ဖြစ်တဲ့ အထိ မြန်ဆန် တတ်ပါတယ်။ Approved ဖြစ်သွားပြီဆိုရင် ခန့်အပ်တဲ့ ကုမ္ပဏီကနေ IPA လို့ခေါ်တဲ့ In-Principle Approved Letter တောင်းဖို့ လိုပါတယ်။ Approved Letter လက်ထဲရောက်ပြီးတဲ့ နောက်မှာတော့ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီကို အလုပ်ခန့်လွှာမှာ ပါတဲ့ သဘောတူညီချက် အတိုင်း တစ်လဖြစ်စေ၊ တစ်ပတ်ဖြစ်စေ ကြိုတင်ပြီး အလုပ်ကနေ ထွက်တော့မှာ ဖြစ်ကြောင်း အသိပေးပြောကြားရပါမယ်။ လက်ရှိ ကုမ္ပဏီကနေ နှုတ်ထွက်လွှာ (Resignation Approved Letter) ကို ယူပြီး Ministry Of Manpower မှာ သွားရောက်ပြီး ယခင် Pass ကို ပြန်အပ်၊ နောက်ထပ် Pass အသစ်ရဲ့ Approved Letter ကို ပေးအပ်တဲ့အခါမှာ MOM မိမိရဲ့ Passport မှာ အဲဒီ Pass လွှဲပြောင်းတဲ့ နေ့နဲ့ တံဆိပ်တုံးတစ်ခု ထုပေးပါလိမ့်မယ်။ Pass အသစ် ပြောင်းခြင်းဟာ ယခင် Pass လျှောက်ထားစဉ်က အချိန်ကနေ သက်တမ်း ၂ နှစ် အတွင်းမှာပဲ ရှိနေသေးတယ်ဆိုရင် ဆေးစစ်ချက် ကင်းလွတ်ခွင့်ရရှိပြီး ဆေးထပ်စစ်ဖို့ မလိုတော့ပါဘူး။ MOM မှာ Pass Card ပြား တန်ဖိုး ပေးသွင်းပြီးတဲ့ နောက်မှာတော့ ၃ ရက်ကနေ တစ်ပတ် အတွင်း Tanjong Pager မှာ ရှိတဲ့ Workpass Division မှာ ကဒ်ပြား အသစ် သွားရောက်ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီတော့ကာ လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေကြသူများ အနေနဲ့ အလုပ်အကိုင် အသစ်ပြောင်းရွှေ့မှုအတွက် မလိုလားအပ်တဲ့ သို့လော သို့လော အတွေးတွေနဲ့ ပြောင်းရမလို၊ မပြောင်းရမလို ဖြစ်တာမျိုး၊ မိမိမှာ ဒီထက် ပိုမိုတဲ့ ခံစားခွင့်တွေ ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေရက်နဲ့ ဘာဖြစ်မယ်မှန်း မသိဘဲ စိုးရိမ်ကြောင့်ကြတွေ ကနေ ကင်းလွတ်ပြီး အလုပ်သစ်ကို စိတ်သစ်လူသစ်နဲ့ ပြောင်းရွှေ့ဖို့အရေးဟာ နှောင့်နှေးကြံ့ကြာနေရတာမျိုး ဖြစ်နေစရာ မလိုအပ်တော့ပါဘူး။

သို့ကလို၊ သို့ကလို အားထုတ်ကြိုးပမ်းပြီး သကာလ ၂၀၀၈ ခုနှစ် စက်တင်ဘာလ တစ်ရက်နေ့မှာတော့ မောင်လူအေး တစ်ယောက် စိတ်သစ်၊ လူသစ်နဲ့ ပတ်ဝန်းကျင် အသစ်မှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အားမွေးရင်း … ညီအစ်ကို မောင်နှမတွေလည်း ကြိုးစားနိုင်စေဖို့ ဝေမျှလိုက်ရပါကြောင်း။

Aug 15, 2008

Jokes

ပါဠိကို သေချာမဖတ်တော့….

စာသင်ခန်း တစ်ခု၌ ဆရာမက တပည့်များအား ပါဠိဘာသာစကား ဘာသာရပ် သင်ကြား ပို့ချလျက် ရှိ၏။

"ပါဠိ ဘာသာ စကားမှာ အသုံးများတဲ့ စကားလုံး နှစ်လုံးဖြစ်တယ်။ တစ်လုံးက "တွံ" ဖြစ်ပြီး နောက်တစ်လုံးက "မေ" ဆိုတာ ဖြစ်တယ်။ "တွံ" ဆိုတာ အင်္ဂလိပ်လို ပြောမယ်ဆိုရင် You ဖြစ်ပြီးတော့ "သင်" လို့ အဓိပ္ပာယ်ရတယ်။ "မေ" ဆိုတဲ့ စကားလုံးကတော့ အင်္ဂလိပ်လို ဆိုရင်Me ဖြစ်ပြီး "ငါ့အား" လို့ အဓိပ္ပာယ်ရတယ်။ ဘုရား ရှိခိုးတွေမှာ အများဆုံး တွဲပြီး ပါဝင်တတ်ပြီး မြန်မာလို အဓိပ္ပာယ် အလွယ် ကောက်လို့ ရအောင် "တွံ သင်သည်… မေ ငါ့အား…." ဆိုပြီး ဆက်တိုက် ဘာသာ ပြန်တတ်ကြတယ်။ "

ထိုစဉ် အခန်းနောက်နားမှ ကျောင်းသား ၂ ဦး စာသင်ရာတွင် စိတ်မ၀င်စားဘဲ တိုးတိုး တိုးတိုးနှင့် စကား ပြောနေသည်ကို ဆရာမ တွေ့သွားသဖြင့် လှမ်းမေးလိုက်သည်။

"ကဲ နောက်က ကျောင်းသား ၂ ယောက် မတ်တပ်ရပ်ပါ။ ဆရာမ ခုနက ဘာပြောသွားလည်း ပြန်ပြောပြပါ။ "

ဆရာမ၏ အမေးအား ဖြေလိုက်သော ကျောင်းသား၏ အဖြေကြောင့် တခန်းလုံး သောကနဲ ရယ်ကြ၍ ဆရာမလည်း လွန်စွာမှ ဒေါသ ထွက်သွားသော ဟူ၏။ ထို ကျောင်းသား၏ အဖြေစကားမှာ

"သင် တွံ သည်၊ မေ ငါ့အား… လို့ ပြောပါတယ် ဆရာမ" ဟူ၏။


လူမှုရေး နားမလည်လို့ပါ

တက္ကသိုလ် စာသင်ခန်း တစ်ခုတွင် ဖြစ်၏။ အခန်းပြင်ပမှ ဧည့်သည်တစ်ဦး လာရောက် တွေ့ဆုံရာ သက်ဆိုင်ရာ ကျောင်းသူ ထွက်ကာ တွေ့ဆုံ၏။ ထွက်ရာတွင် အလျင်စလို အပြေးအလွှား ထွက်ရာ ရေစိုနေသော ကော်ရစ်ဒါ အရောက် စီးထားသော ဖိနပ်ချော်ကာ ကြမ်းပြင်တွင် ဗိုင်းကနဲ ဖင်ထိုင်လျက် ကျ၏။ အမှတ်မထင် အဖြစ်အပျက်ကြောင့် အခန်းတွင်း စာသင်နေသော ကျောင်းသားများလည်း မတိုင်ပင်ပါဘဲ ၀ါးကနဲ ရယ်မိကြ၏။ သို့ရာတွင် ရှက်သွားသော ကျောင်းသူကို လှမ်းကြည့်ပြီး ဆရာမမှ အခန်းတွင်းရှိ ကျောင်းသားများကို လှမ်းဟန့်၏။

"ဟဲ့ ကျောင်းသားတွေ မင်းတို့တွေ သူတပါး ဒုက္ခရောက်တာ ကူမယ်မကြံဘူး ထရယ်ကြတယ်။ မင်းတို့တွေ လူမှုရေး နားမလည်ကြဘူးလားကွ"

ထိုစဉ် နောက်ခုံတန်းတွင် ထိုင်သော ကျောင်းသား တစ်ယောက်မှ ခပ်တိုးတိုး ပြောလိုက်သော စကားကြောင့် ဆူမည် ကြံသော ဆရာမပင် ဆက်ဆူရန် မေ့ပြီး ပြုံးသွားရသော ဟူ၏။

"ဆရာမကလည်း ဒီလူမှုရေး နားမလည်တာပဲ လာပြောနေတယ်။ နားမလည်လို့ အမှတ် ၄၀ အတိနဲ့ အောင်လို့ ရိုးရိုး တက္ကသိုလ် ရောက်တာပေါ့။ လူမှုရေးသာ အမှတ်များရင် အင်ဂျင်နီယာ၊ ဆရာဝန် တက္ကသိုလ်တွေ ရောက်မှာပေါ့။"

Regarding to WIKIMYANMAR


မြန်မာ ၀ီကီကို အယင် www.my.wikipedia.org မှာ စထိတွေ့ခဲ့ပေမဲ့လို့ သိပ်ပြီး အကျွမ်းတ၀င် စိတ်ဝင်တစား မရှိခဲ့ပါဘူး။ မရှိရခြင်းကလည်း သူ့ဖောင့်တွေက ကျွန်တော် ဖတ်လိုက်တိုင်း တလွဲတွေ ချည်းပဲ ပေါ်ပေါ် နေတာကနေ စတာပါ။ ခုထိလည်း ဘာဖြစ်မှန်း မသိပါဘူး။ အယင် ၀ီကီက ခုထိ ကျွန်တော် ဖွင့်ကြည့်သမျှသော စက်တွေမှာ ထိုနည်း လည်းကောင်း ဖောင့် အမှားတွေ ပြနေဆဲပါ။

နောက်တော့ ကိုဘလူးဖီးနစ် ဘလော့ကိုသင်ကာ ဘလော့တွေမှာ သွားရောက်လည်ပတ်ရာကနေ မြန်မာဝီကီကို စတွေ့ခဲ့တယ်။ စတွေ့တွေ့ချင်းမှာ အကြောင်းအရာ အားဖြင့် ၂၀၀ ကျော်လောက် စတင် ရေးသားထားနှင့်ပြီး ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်ကလည်း အကောင့် လေးလုပ်၊ ၀င်ရေးဖြစ်တယ်။

ကျွန်တော် ၀ီကီမှာ ပါဝင်ရေးသား ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျွန်တော်က ငယ်ငယ် ကတည်းက ဗဟုသုတ အင်မတန် ငတ်မွတ်တဲ့သူပါ။ ကိုသိချင်တဲ့ အကြောင်းအရာတွေကို စာအုပ်တွေထဲ ရှာဖတ်၊ ရှေ့က လူကြီးသူမတွေကို မေးတန်တာမေး၊ ကျွန်တော်မေးသမျှကိုလည်း ကျွန်တော်မေးတဲ့ သူတိုင်းက ပြောပြကြပါတယ်။ ၂၀၀၅ နောက်ပိုင်းမှာ အင်တာနက်ကို ထိတွေ့ပြီး နောက်မှာတော့ Google သည် ကျွန်တော့်ရဲ့ အဓိက အရူး လွယ်အိတ်ကြီးပေါ့။ အရုးလွယ်အိတ်ဆိုတာ လိုချင်တာ အကုန်ရှာလို့ရတဲ့ နေရာတစ်ခုပေါ့။

ဆိုတော့ အဲဒီ အင်တာနက် ဆိုတာကြီးကနေ တဆင့် ၀ီကီပီးဒီးယာ ဆိုတာတွေလည်း ၀င်ဖြစ်တယ်၊ ဖတ်ဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော် သိချင်တာ မှန်သမျှ ရှာတွေ့နေနိုင်အောင် ရေးထားခဲ့လိုက်ကြတာ စုစည်းခဲ့လိုက်ကြတာ နည်းနည်းနောနော လူတွေ မဟုတ်ပါဘူး။ သေချာတာက အဲဒီရေးတဲ့ သူတွေ ထဲမှာ ဘာသာရပ် တစ်ခုခုကို အကုန်အစင် တတ်တဲ့သူ ပါချင်မှ ပါမယ်။ အကုန်အစင်တတ်မှ ရေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် သိတာ နည်းရင် နည်းမယ်၊ အချက်ကလေး တစ်ချက်တည်းပဲ ဖြစ်ရင်လည်း ဖြစ်နေမယ်။ သို့ပေမဲ့ ကိုယ်သိတဲ့ အချက်အလက်ကလေး ဖြည့်လိုက်ခြင်းအားဖြင့် ပိုပြီး ပြည့်စုံသွားမယ် ဆိုရင် လေ့လာရတဲ့သူတွေ အတွက် အင်မတန်မှ အကျိုးများပါမယ်။

ခုနေအခါမှာ အင်္ဂလိပ် ၀ီကီပီးဒီးယားဆိုရင် အချက်အလက်ပေါင်း ၂ သန်းခွဲ ကျော်ရှိနေပါပြီ။ သူတို့လည်း အကြောင်းအရာ တစ်ခု၊ နှစ်ခု သုံးလေးခုကနေ စတင်ခဲ့ရတာပါ။ ကျွန်တော့် ကိုယ်တွေ့၊ လက်ခံကျင့်သုံးနေတဲ့ အယူအဆလေးတစ်ခု ရှိတယ်ဗျာ။ လောကမှာ အလုံးစုံ သိတဲ့သူဆိုတာ မရှိဘူး။ တစ်ယောက်ချင်း နည်းနည်းစီ သိထားကြတဲ့ အသိတွေ ဆုံဆည်း စုစည်းဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ တစ်ခုမဟုတ်ပါဘူး။ သိချင်တဲ့သူနဲ့ သိတဲ့သူနဲ့ တွေ့ဦးမှ၊ တွေ့သည့်တိုင်အောင် အခြေအနေ အကြောင်းခြင်းရာ အများကြီးတိုက်ဆိုင်မှ သိတဲ့သူဆီက သိလိုတဲ့သူဆီကို အဲဒီ သတင်းအချက်အလက် ရောက်ရှိနိုင်ပါတယ်။ အခု ၀ီကီပီးဒီယားဟာ အဲဒီ တိုက်ဆိုင်ဖို့ မလွယ်ကူတဲ့ အကြောင်းခြင်းရာ အားလုံးအတွက် ပေါင်းကူး တံတားလေး တစ်စင်းဆိုလည်း မမှားနိုင်ပါဘူး။ သင်သိထားတဲ့ အကြောင်းအရာလေး တစ်ခုကို သိလိုတဲ့သူတွေ ကို ပေးသိလိုက်ပါ။ သင် နောက်ထပ် သိလိုတဲ့ အကြောင်းအရာလေးတွေ ရှိလာတဲ့ခါမှာလည်း သင့်ကို အဲဒီ အချက်အလက်တွေ သိရအောင် ကူညီပေးမဲ့ သူ ရှိလာပါလိမ့်မယ်။

ဆိုတော့ သင်ဘာပဲ သိသိ၊ ဘယ်လောက်လေးပဲ သိသိ သင်သိထား တတ်ထားတဲ့ ပညာရပ်လေးတွေကို သိလိုသူတွေ အထူးသဖြင့် နောက်မျိုးဆက်တွေ အတွက် မိမိသိတာလေးတွေ ၀င်ရောက် ဖြည့်စွက် ရေးသားရင်း မြန်မာဝီကီကို ကူညီကြပါစို့လား။

**********************************************************************************
ကိုသင်ကာက သူ့ပို့စ်မှာ နာမည်ကြီး တပ်ပြီး ရေးပါတယ်။ ဒီကလူက ဘလော့မှာ ဘာမှ မရေးရသေးခင် ဆရာက လုပ်ချလိုက်တော့ မဖြစ်ချေဘူးဆိုပြီး ရေးချလိုက်ရာက ဒီပို့စ်ဖြစ်လာပါကြောင်း။

ကိုသင်ကာရ ကျေးဇူးဗျို့...

Aug 11, 2008

Nobel Peace Price

ငြိမ်းချမ်းရေး နိုဘယ်ဆု

ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှု ပညာရှင် အဲလ်ဖရက်နိုဘယ်မှ ပေးအပ် ချီးမြှင့်သော နိုဘယ်ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။ နိုဘယ်၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင် ဖြစ်ခြင်း လျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး မြှင့်တင်သူ နှင့်ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။

အဲလ်ဖရက် နိုဘယ်၏ သေတမ်းစာအရ နိုဘယ်ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားထားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နှစ်စဉ်တိုင်း နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်သည်။ နိုဘယ် ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဆုပေးပွဲ အစဉ်သဖြင့် ကျင်းပသည်။ ၄င်း အခမ်းအနားသို့ နော်ဝေနိုင်ငံ၏ ဘုရင်မင်းမြတ် တက်ရောက်သည်။ အော်စလိုမြို့တွင် ကျင်းပသော အခမ်းအနားတွင် နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌမှ ဘုရင်မင်းမြတ်၏ ရှေ့မှောက်တွင် ဆုပေးအပ်ချီးမြှင့်သည်။ ကမ္ဘာ့ပြည်သူတစ်ရပ်လုံး၏ မျက်မှောက်တွင် နိုဘယ်ဆုရှင်သည် ဆုပစ္စည်း ၃ မျိုးလက်ခံရရှိသည်။ ၄င်း ဆုပစ္စည်း၃ မျိုးမှာ ၁။ ဒီပလိုမာ ၂။ ဆွဲပြား နှင့် ဆုကြေးငွေ ပမာဏ ဖော်ပြထားသော ဆုလက်မှတ် တို့ ဖြစ်ကြသည်။ နိုဘယ်ဆု ချီးမြှင့်သည့် အခမ်းအနားအပြီး နောက်နေ့တွင် နိုဘယ်ဆု နှင်းသဘင် ပျော်ပွဲရွှင်ပွဲကို အော်စလို မြို့တော်ခန်းမတွင် ကျင်းပသည်။ ၄င်းပွဲကျင်းပပုံကိုလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ ကျော်မှ လူသန်းပေါင်း ၄၅ဝ ကျော်ထံသို့ လေလှိုင်းမှ ထုတ်လွှင့်သည်။ ၄င်း ပွဲလမ်းသဘင်သည် ကမ္ဘာ့ကျော်များ တက်ရောက်ပြီး ကမ္ဘာ့နှင့်ချီ၍ ကြီးကျယ်ခန်းနားသော အခမ်းအနားဖြစ်သည်။ နိုဘယ်ဆုရွေးချယ်မှုနှင့် ပတ်သက်ပြီး ရန်ဖန်ရံခါ အငြင်းပွားဖွယ်များ ကြုံရသည်မှာ နိုဘယ်ဆုရှင်သည် ယခင်က အကြမ်းဖက် လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အချိန်တစ်ခုတွင်မှ အကြမ်းမဖက်သော ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ ဤငြိမ်းချမ်းရေး နိုဘယ်ဆု သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပေးအပ်ခြင်း မရှိသော တစ်ခုတည်းသော နိုဘယ်ဆု ဖြစ်သည်။

---ဆက်ရေးရန်ကျန်နေပါသေးသည်။

Aug 10, 2008

Distinct Places in Arakan

မြောက်ဦးမြို့

မြောက်ဦးမြို့သည် မြန်မာနိုင်ငံ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ မြောက်အရပ်တွင် တည်ရှိသော ရှေးဟောင်းမြို့တော် တည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ကုလားတန်မြစ်၏ အရှေ့ဖက် အရပ်တွင် ရှိကာ မြောက်ဖက်နှင့် တောင်ဖက်တို့တွင် တောင်စွယ်၊ တောင်တန်းများဖြင့် ကာရံလျက် ရှိသော မြို့တစ်မြို့ဖြစ်သည်။



သက္ကရာဇ် ၁၄၃၁ တွင် ရခိုင်ဘုရင် မင်းစောမွန်မှ ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်)၏ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်၏ အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာသည်။ ၄င်းမြို့တော်မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယ နိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့သည်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်များ ကူးသန်း ရောင်းဝယ်မှုများ ပြုခဲ့သည်။

မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်တွင် ၄င်း မြို့တော်မှ ဒါကာနှင့် စစ်တကောင်း အပါအ၀င် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ နယ်နိမိတ် တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ် တ၀ှမ်းနှင့် မြန်မာပြည် အောက်ပိုင်းတခွင် အထိ အာဏာစက် သက်ရောက်ခဲ့သည်။ ၄င်း ခေတ်အတွင်း ရခိုင်ဘုရင်များမှ ရခိုင်စကားလုံး၊ အာရဗီစကားလုံးနှင့် ဘင်္ဂါလီ စကားလုံးများ ပါဝင်သော ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့သည်။ မြောက်ဦးခေတ် စည်ပင်ဝပြောသော ခေတ်ကာလတွင် ဘုရား ပုထိုးများစွာ တည်ဆောက်ခဲ့ကြပြီး ၄င်းထဲမှ အများစုမှာ ယခုတိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။ ထင်ရှားသော စေတီ ပုထိုးများမှာ သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား၊ ဆင်းတုတော် ၈၀၀၀၀ ထည့်သွင်း တည်ထားသည်။) ထုက္ကံသိမ် ပုထိုးတော်ကြီး နှင့် ကိုးသောင်း ပုထိုးတော်ကြီး (ဆင်းတုတော် ၉၀၀၀၀ ထည့်သွင်း တည်ထားသည်။) နှင့် မာန်ငါးပါး စေတီပုထိုးများ ဖြစ်ကြသည်။

မြောက်ဦးပတ်ဝန်းကျင် ဒေသသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသပြီးလျှင် ဆန်ထုတ်လုပ်မှု ဒုတိယ အများဆုံး ဒေသ ဖြစ်သည်။

ယနေ့ခေတ်တွင် မြောက်ဦးသည် ရှေးဟောင်း သုတေသန နှင့် စပ်ဆိုင်၍ ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ အဓိက နယ်မြေတစ်ခု ဖြစ်၍ ရန်ကုန်မြို့မှ ၂ ရက် ခရီး (သို့မဟုတ်) စစ်တွေမြို့မှ ၃ နာရီမှ ၅ နာရီကြာ စက်လှေခရီးဖြင့် သွားရောက်နိုင်သည်။


မြောက်ဦးမြို့ရှိ စေတီပုထိုးများ

သက္ကရာဇ် ၁၃၄၁ ခု၊ ရခိုင်ဘုရင် မင်းစောမွန် စိုးစံချိန်မှ စတင်၍ တည်ထားခဲ့သော စေတီ၊ ပုထိုးများ အမြောက်အမြား တည်ရှိသည်။ အောက်ပါစေတီ၊ ပုထိုးများမှာ ၄င်းတို့ အနက်မှ ထင်ရှားလူသိများသော စေတီ၊ ပုထိုးများ ဖြစ်ကြသည်။

* သျှစ်သောင်း ပုထိုးတော်ကြီး
* ထုက္ကံသိမ် ပုထိုးတော်ကြီး
* ကိုးသောင်း ပုထိုးတော်ကြီး
* အံတော်သိမ်
* လေးမျက်နှာ ပုထိုးတော်ကြီး
* မာန်ငါးပါး
**မင်္ဂလာ မာန်အောင်စေတီ
**ရတနာ့ မာန်အောင်စေတီ
**သကျ မာန်အောင်စေတီ
**လောက မာန်အောင်စေတီ
**ဇိန မာန်အောင်စေတီ
*စန္ဒာ့မုနိ ပုထိုးတော်ကြီး
*ဗန္ဓုလကျောင်း

မြောက်ဦးသည် အဓိက အားဖြင့် ဗုဒ္ဓသာသနိက အဆောက်အဦးများ စုစည်းတည်ရှိရာ နေရာ ဖြစ်ငြားလည်း၊ အခြားသော ယုံကြည်သက်ဝင်မှု ဆိုင်ရာ အဆောက်အဦးများလည်း တွေ့ရှိနိုင်သည်။ ၄င်းတို့ အနက်မှ ထင်ရှားသော အဆောက်အဦး တစ်ခုမှ မင်းစောမွန်လက်ထက်တွင် တည်ဆောက်ထားခဲ့သော ရှေးဟောင်း ဗလီတစ်ခု ဖြစ်ပြီး မြို့၏ အရှေ့တောင် အရပ်တွင် တည်ရှိသည်။

သံတွဲမြို့

သံတွဲမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ မြို့တစ်မြို့ဖြစ်သည်။

အကျဉ်းချုပ် အကြောင်းအရာ

သံတွဲမြို့ကို ဗြိတိသျှတို့မှ ဆန်းဒိုးဝေး (Sandoway) ဟု ခေါ်တွင်ခဲ့ပြီး မြန်မာနိုင်ငံ တောင်ပိုင်း၏ အဓိက ပင်လယ် ဆိပ်ကမ်းတစ်ခုဖြစ်သည်။ သံတွဲမြို့သည် ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ပြီး တစ်ချိန်က အာရကန်ဟု ခေါ်တွင်သော ရခိုင်ပြည်နယ်၏ မြို့တော် တစ်ခု ဖြစ်သည်။

သံတွဲခရိုင်၏ ခရိုင်မြို့တော်လည်း ဖြစ်ပြီး သံတွဲခရိုင်၏ အကျယ်အ၀န်းမှာ ၃၇၈၄ စတုရန်းမိုင် ရှိသည်။ ရခိုင်ရိုးမ၏ တောင်စွယ်တောင်တန်းများသည် သံတွဲမြို့နယ် အတွင်းမှ ဖြတ်၍ ကမ်းခြေနားတိုင်အောင် သွယ်တန်းတည်ရှိသည်။ အချို့သော တောင်ထိပ်များ၏ အမြင့်မှာ ပေ ၄၀၀၀ နှင့် အထက်ထိ မြင့်မားကြသည်။ မြစ်ချောင်းများမှာ တောင်တန်းများမှ စီးထွက်လာကာ ပင်လယ်သို့ တိုက်ရိုက်စီးဝင်ပြီး ရေစူး ၉ ပေမှ ၁၀ ပေအထိ ရှိသော သင်္ဘောများ ကျောက်ချ ရပ်နားနိုင်သည်။ ၁၉၀၅ ခုနှစ် တိုင်းထွာချက်များအရ နှစ်စဉ် ပုံမှန် မိုးရေချိန် ၂၃ လက်မမှ ၄၉ လက်မ အထိ ရွာသွန်းသည်။ ဆေးရွက်ကြီးပင်များ နေရာအချို့ စိုက်ပျိုးသည်မှ အပ အဓိက စိုက်ပျိုးသီးနှံမှာ စပါးဖြစ်သည်။



ငပလီကမ်းခြေ

သံတွဲမြို့မှ ၇ ကီလိုမီတာ (၄မိုင်)အကွာတွင် တည်ရှိ၍ ကမ်းခြေအလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယ သမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။ ငပလီဟူသော အမည်ကို အီတလီလူမျိုးများက နေပယ်၏မြို့တော် နေပူလီ (Napoli) ကို အစွဲပြု ခေါ်ဝေါ်ရာမှ ရခိုင်ပြည်သူတို့ စကားသံဖြင့် ငပလီဟူ၍ ဖြစ်လာသည်။ ကမ်းခြေတစ်လျှောက် တည်ဆောက်ထားသော ဟိုတယ်အများအပြား၊ အပန်းဖြေစခန်းများနှင့် ဂေါက်ကွင်းများဖြင့် မြန်မာပြည်၏ အဓိက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ အဓိက ဆက်သွယ်ရေးလမ်းကြောင်းမှာ လေကြောင်း ဖြစ်၍ သံတွဲလေဆိပ် (ယခင် Sandoway လေဆိပ်) မှတဆင့် သွားရောက်နိုင်၍ မြန်မာ့လေကြောင်း၊ အဲမန္တလေး၊ ရန်ကုန် အဲဝေးနှင့် အဲပုဂံ တို့မှ သံတွဲသို့ ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြသည်။

Aug 8, 2008

Olympic Protest on Fur Trade

အိုလံပစ်ရွှေတံဆိပ် ၂ ဆုရှင် အာမန်ဒါ ဘားဒ်က သူမရဲ့ ၀တ်လစ်စလစ်ရိုက်ထားတဲ့ ပိုစတာကို ပရိသတ်ရှေ့ ထုတ်ဖော်ပြပြီး တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ တိရိစ္ဆာန် သားရေ ကူးသန်း ရောင်းဝယ်မှုကို ကမ္ဘာ့ပြည်သူတွေ အာရုံပြုမိလာအောင် လုပ်ဆောင်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် အသင်း ခေါင်းဆောင်ဟာ အိုလံပစ် အားကစားသမားများ တည်းခိုရာ အားကစားကျေးရွာရဲ့ တောင်ဖက် ၀င်ပေါက်ရှေ့မှာ သူမကိုယ်တိုင် ကိုယ်ဟန်ပြ ရိုက်ထားတဲ့ ပိုစတာကို ရဲနဲ့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ ကြားက မီဒီယာတွေကို ပြခဲ့တယ်။ People for the Ethical Treatment of Animals (PETA) က စီစဉ်တဲ့ ဒီအစီအစဉ်ကို အစက သူတို့ တည်းခိုရာ ဟိုတယ်နားက သီးသန့် အခန်းငယ်လေးထဲမှာ ကျင်းပမယ်ဆိုပြီး စီစဉ်ခဲ့ပေမဲ့လို့ တရုတ် အာဏာပိုင်တွေက လုံခြုံရေး အကြောင်းပြ ပိတ်ပင်ခဲ့တဲ့ အတွက် အခုလို အစီအစဉ်ကို ပြောင်းလိုက်ရတယ် လို့ ဆိုပါတယ်။ သတင်းသမားတွေက မေးတဲ့ သူ့ပုံက လိင်ဆွဲဆောင်တဲ့ ပုံ ပိုဆန်မနေဘူးလားဆိုတော့ သူမက ကျမ အလုပ်ကို ရေကူးဝတ်စုံနဲ့သွားနေကျပဲ အဲဒီကမှ နောက်ထပ်နည်းနည်း ပိုချွတ်လိုက်ရတာ ကျမအတွက် သိပ်ရေးကြီးခွင်ကျယ် မဟုတ်တော့ ပါဘူး လို့ သူမက ပြန်ဖြေတယ်။ကျမ ပလေးဘွိုင်း မဂ္ဂဇင်းအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပြီးပြီ။ ကျမ ကိုယ်ခန္ဓာ အလှအပနဲ့ ကျမကိုယ် ကျမ ဘာဆိုတာ ကျမသိတယ် လို့ ပြန်ဖြေသွားပါတယ်။ PETA ရဲ့ စုံစမ်းဖော်ထုတ်မှုအရ တိရိစ္ဆာန်တွေကို ချက်ချင်း သေအောင် သတ်တာ မဟုတ်ဘဲ လှောင်အိမ်ထဲကနေ ဆွဲထုတ်ပြီး မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ သတ္တုချောင်းတွေနဲ့ ရိုက်နှက်ပြီး မသေမရှင်တွေ ဖြစ်အောင် လုပ်ပြီးမှ အသက် ရှိနေသေးတဲ့ တိရိစ္ဆာန်ရဲ့ ခန္ဒာကိုယ်ကနေ သားရေကို ခွာယူတာ မျိုးတွေ တကယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
Source: Sky News

Aug 7, 2008

Greenhouse & Greenhouse Effect

ဖန်လုံအိမ်

ဖန်လုံအိမ်အတွက် သုံးတဲ့ ဖန်အမျိုးအစားသည် မတူညီတဲ့ ကြိမ်နှုံးရှိတဲ့ ရောင်စဉ်တွေ အတွက် သီးသန့်ရွေးချယ်ထားတဲ့ ဖြတ်သန်းရာ ကြားခံဖြစ်သည်။ ၄င်းဖန်သားသည် အပြင်မှ ၀င်ရောက်လာသော စွမ်းအင်ကို ဖမ်းယူကာ အတွင်းရှိ သစ်ပင်၊ ပန်းမန်များနဲ့ မြေသားကိုလည်း အပူဓာတ်ပေးသည်။ ၄င်းအပူဖြင့် မြေပြင်အနီးရှိ လေထုကို နွေးထွေးစေကာ ၄င်းလေထု အထပ်အောက် ရွေ့လျားတိုက်ခတ်ခြင်းမှ ကာကွယ်ပေးသည်။ အကယ်၍ ဖန်လုံအိမ်၏ အမိုးအထက်နား၍ ပြူတင်းပေါက် အရွယ်သေးသေး ဖွင့်ထားပေးမည်ဆိုပါက အတွင်းမှ အပူချိန်သည် သိသိသာသာ လျော့ကျသွားပေလိမ့်မည်။ ဤအယူအဆသည် အလိုလျောက် လေလဲလှယ် အအေးပြုစနစ်၏ အခြေခံ ဖြစ်သည်။ ထို့ကြောင့် ဖန်လုံအိမ်သည် လျှပ်စစ်သံလိုက်လှိုင်း ပြန့်လွင့်မှုကို ဖမ်းယူပြီး အပူထိကူးကူးခြင်းကို တားဆီးသည်။ အရွယ်အစား သေးငယ်သော ဖန်လုံအိမ်များကို အအေးခန်းငယ်ဟု ခေါ်သည်။

အသုံးပြုပုံ

ဖန်လုံအိမ်များကို သစ်ပင်ပန်းမန်များ၊ စားပင်သီးနှံများ၊ သစ်သီးဝလံများနှင့် ဆေးရွက်ကြီးပင်များ စိုက်ပျိုးရာတွင် အသုံးပြုလေ့ရှိသည်။ ဖန်လုံအိမ်တွင်း အပင်များ မျိုးပွားရေးအတွက် ပျားမျိုးစုံကို အသုံးပြုပြီး ပျားဘုရင်မကို အဓိက အသုံးပြုလေ့ရှိကာ သဘာဝမျိုးပွားခြင်း သာမက လူလုပ် မျိုးပွားခြင်း ကိုလည်း အသုံးပြုကြသည်။ ဤကဲ့သို့ မျိုးပွားခြင်းက အပင်များ အထွက်တိုးစေရုံမျှမက ရေရှည်စိုက်ပျိုးမှုအတွက်လည်း အပင်အရေအတွက် တိုးပွားမှု ဖြစ်စေသည်။

ဆေးရွက်ကြီးမှ အပ စားပင်သီးနှံများနှင့် ပန်းမန်များကို ဖန်လုံအိမ်တွင်း၌ မိုးနှောင်းရာသီ၊ ဆောင်းဦးပိုင်းတွင် စတင် စိုက်ပျိုးပြီး ပူနွေးသော ရာသီဥတု ရှိသည့် ကာလတွင် ပြင်ပတွင် ထုတ်၍ စိုက်ပျိုးကြသည်။ ဤ ရွှေ့ပြောင်း စိုက်ပျိုးသည့် ကာလတွင် ပျိုးပင်ဈေးကွက်တွင် ဥယျာဉ်မှုးများ အတွက် ပျိုးပင်များ ၀ယ်ယူနိုင်ကြသည်။

ပြင်ပတွင် စိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ဖန်လုံအိမ်တွင်း စိုက်ပျိုးခြင်းအတွက် လိုအပ်ချက်များ သတ်သတ်မှတ်မှတ် တိတိပပ ရှိသည်။ ဖန်လုံအိမ်တွင်း လေထု၏ စိုထိုင်းဆ၊ အပူချိန် လွန်ကဲခြင်း၊ ပိုးမွှားများနှင့် သစ်ပင်များတွင် ကျရောက်တတ်သော ရောဂါဘယများ မကျရောက်စေရေး အထူးဂရုပြုရသည်။ အပင်များ ရေပေးနိုင်စေရေး အတွက် ရေမြောင်းဖြင့် သွယ်တန်း၍ ရေပေးရသည်။ အပူပိုင်း ရာသီဥတုတွင် ပေါက်ရောက်သော စားပင်သီးနှံများအား မိုးတွင်းချိန်တွင် ပျိုးထောင်ရသောအခါ တိကျသော အပူချိန်နှင့် အလင်းရောင် ပေးနိုင်ရေး လိုအပ်သည်။ အာလူးကဲ့သို့သော သီးနှံများ စီးပွားဖြစ် စိုက်ပျိုးသောအခါ အထူးဖန်တီးထားသော ဖန်လုံအိမ် အမျိုးအစား လိုအပ်သည်။

လတ္တီကျုဒ် အမြင့်ပိုင်းတွင် တည်ရှိသော နိုင်ငံများအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ဖန်လုံအိမ်များ၏ အရေးပါမှု ပိုမို မြင့်မားလာနေသည်။ ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်စိုက်ခင်းများမှ တစ်ခုသည် စပိန်နိုင်ငံ အယ်မနေးနီးယားအရပ်တွင် တည်ရှိပြီး ဧရိယာ အကျယ်အ၀န်းအားဖြင့် ဧက ၅၀,၀၀၀ ထိ (၂၀၀ km2) ထိရှိကာ စပိန်နိုင်ငံ၏ စုစုပေါင်း သစ်သီးဝလံစားသုံးမှု၏ ၅ ရာခိုင်နှုံးအထိကို တာဝန်ယူစိုက်ပျိုးလျက်ရှိသည်။

ဖန်လုံအိမ်များသည် သစ်ပင်များအား အပူအအေးလွန်ကဲခြင်း၊ ဖုန်မုန်တိုင်း၊ နှင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ နှင့် ပိုးမွှားများ အန္တရာယ်မှ အကာအကွယ်ပေးသည်။ ဖန်လုံအိမ်၏ အကူအညီဖြင့် အလင်းနှင့် အပူချိန်ကို ထိန်းချုပ်ခြင်းဖြင့် သီးနှံစိုက်ပျိုးနိုင်မှု မရှိသော မြေပြင်အား စိုက်ပျိုးဖြစ်ထွန်းနိုင်သော မြေအဖြစ် ပြောင်းလဲနိုင်သည်။ ဖန်လုံအိမ်များမှ အာတိတ်ဒေသနှင့် သဲကန္တာရကဲ့သို့ စားပင်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှု မရှိသော နိုင်ငံများအတွက် အစာရေစာ ထောက်ပံ့နိုင်သည်။ ဖန်လုံအိမ်၏ အတွင်းဧရိယာများ အစွမ်းကုန် အသုံးချနိုင်စေရေး အတွက် ဟိုက်ဒရိုပိုးနစ် နည်းစဉ်ကို အသုံးပြုနိုင်သည်။

ဇီဝဗေဒ ပညာရှင် ဂျွန်တုဒ်မှ ဘက်တီးရီးယားများ၊ အပင်များနှင့် တိရိစ္ဆာန်များ၏ အထောက်အပံ့ဖြင့် ရေဆိုးရေညစ်ကို ရေသန့်စင်ရာတွင် ဖန်လုံအိမ်ကို အသုံးချနိုင်ရန် တီထွင်ခဲ့သည်။

သမိုင်းကြောင်း

ပတ်ဝန်းကျင် အခြေအနေကို ထိမ်းချုပ်၍ သစ်ပင်ပန်းမန်များ စိုက်ပျိုးရေး အယူအဆသည် ရောမခေတ် ကတည်းကပင် တည်ရှိနေပြီး ဖြစ်သည်။ ရောမဧကရာဇ် တိုင်ဗေးရိယပ်စ်သည် သခွားသီးနှင့်တူသော သစ်သီးတစ်မျိုးကို နေ့စဉ်မပြတ်စားသုံးခဲ့သည်။ ဥယျာဉ်မှုးများက ၄င်း သစ်သီးတစ်နှစ်ပြတ်လုံး အဆက်မပြတ်ရရှိဆက်သစေနိုင်ရန် ဖန်လုံအိမ်ကဲ့သို့သော အထူးပြုပြင်ထားသော နည်းတစ်မျိုးသုံး၍ စိုက်ပျိုးခဲ့ကြသည်။ ၄င်း သခွားပင်ကို ဘီးတပ်လှည်းဖြင့်စိုက်ပျိုးပြီး နေ့ခင်း အချိန်တွင် နေရောင်ခြည် ရရှိသော နေရာတွင် ထုတ်ကာ ညအချိန်တွင် ၄င်း အနွေးဓာတ်ကို ထိန်းထားနိုင်စေရေးအတွက် အဆောက်အဦးအတွင်းသွင်း၍ ထားရသည်။ ရရှိသော သခွားသီးများကို ရှေးစာဆို ပလိုင်နီ သီ အက်ဒလာ၏ အညွှန်းအတိုင်း မိုက်ကာပြား သို့မဟုတ် စပက်ကျူးလေးရီးယားဟု ခေါ်သည့် အ၀တ်စကို ဆီစိမ်ကာ အုပ်ထားပြီး သခွားသီး ထည့်သည့် ပုံးငယ်များ သို့မဟုတ် ထည့်စရာ ဘောင်ငယ်များ ပြုလုပ်ကာ သိမ်းဆည်းရသည်။

ပထမဆုံး ဖန်လုံအိမ်များကို နှစ်ဆယ်ရာစုတွင် အီတလီတွင် စတင် တည်ဆောက်ခဲ့ပြီး စူးစမ်းလေ့လာသူများ အပူပိုင်းဒေသမှ ယူဆောင်လာသော အပင်ငယ်များ စိုက်ပျိုးရန် အသုံးပြုခဲ့သည်။ ၄င်း ဖန်လုံအိမ်များကို giardini botanici (ရုက္ခဗေဒ ဥယျာဉ်များ)ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၄င်းဖန်လုံအိမ်ဖြင့် စိုက်ပျိုးသော အပင်များနည်းတူ ဖန်လုံအိမ် တည်ဆောက်ခြင်း အယူအဆသည်လည်း နယ်သာလန်နိုင်ငံ၊ ထိုမှတဆင့် အင်္ဂလန်နိုင်ငံတို့သို့ ပျံ့နှံ့ခဲ့သည်။ အစောပိုင်း တည်ဆောက်မှုများအတွက် ဖန်လုံအိမ်တွင်း ဆောင်းဥတု အအေးဓာတ်မျိုး ဖန်တီးခြင်းနှင့် ညအချိန် အနီးကပ်စောင့်ကြပ် ကြည့်ရှုရခြင်း စသည့် ကရိကထများသော အလုပ်များ အတော်များပြားခဲ့သည်။ ၄င်း ရှေးဦး ဖန်လုံအိမ်များ အတွက် လုံလောက်မျှတသော အပူချိန် ပေးခြင်း ကိစ္စရပ်အတွက် အခက်အခဲပေါင်းများစွာ တွေ့ကြုံခဲ့ရသည်။

ပြင်သစ် ရုက္ခဗေဒ ပညာရှင် ဂျုးလီ ချားလ်စ်မှ အပူပိုင်း ဆေးဖက်ဝင် အပင်များ စိုက်ပျိုးရန် ပထမဆုံး လက်တွေ့ ဖန်လုံအိမ်တစ်ခုကို ဟော်လန်နိုင်ငံ လေဒင်အရပ်တွင် တည်ဆောက်ခဲ့သည်ဟု မှတ်တမ်းတင်ကြသည်။

ရုက္ခဗေဒပညာရပ် ဖွံ့ဖြိုးကြွယ်ဝရာ နေရာများ ဖြစ်သော တက္ကသိုလ်များတွင် ဖန်လုံအိမ်များ တည်ဆောက်လာကြသည်။ ပြင်သစ်လူမျိုးများက ၄င်းတို့၏ လိမ္မော်စိုက်ပျိုးခြင်းအတွက် လိမ္မော်ပင်များ အေးခဲခြင်းမှ ကာကွယ်နိုင်ရန် စတင် အသုံးပြုခဲ့ခြင်းကြောင့် ဖန်လုံအိမ်ကို orangeries (လိမ္မော်ခင်းများ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။ နာနတ်သီးစိုက်ပျိုးမှု တွင်ကျယ်လာသော အခါ တဖန် pineries, or pineapple pits (နာနတ်ခင်းများ) ဟု ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြပြန်သည်။ ၁၇ ရာစုအတွင်း ဥရောပတွင် ဖန်သားထုတ်လုပ်မှု နည်းပညာ တိုးတက်လာသည်နှင့် အမျှ ပိုမို ကောင်းမွန်သော ဖန်သားများ ထုတ်လုပ်နိုင်လာသည့် နည်းတူ ဖန်လုံအိမ် တည်ဆောက်မှုပုံစံနှင့် ပတ်သက်၍ စမ်းသပ်တီထွင်မှုများ ဆက်လက် လုပ်ဆောင်လာခဲ့ကြသည်။ ဗာဆယ်လီ နန်းတော်မှာ တည်ဆောက်ခဲ့တဲ့ ဖန်လုံအိမ်သည် ၄င်း၏ အရွယ်အစားနှင့် စည်းစနစ် ကျနမှုတို့အတွက် စံတင်ကြရသည်။ ၄င်း၏ အရွယ်အစားမှာ အလျား ပေ ၅၀၀၊ အနံ ၄၂ ပေနှင့် အမြင့် ၄၅ ပေ ရှိသည်။ ၁၉ရာစုတွင်း တည်ဆောက်ခဲ့ကြသော ဖန်လုံအိမ်များ အနက် အကြီးဆုံးဖြစ်သည်။

ဖန်လုံအိမ် အာနိသင်

ဖန်လုံအိမ်အတွင်းသို့ ၀င်ရောက်လာသော ပြင်ပမှ အပူများကို ပြင်ပသို့ ပြန်လည် ဆုံးရှုံးမှု မရှိစေရေး အတွက် ဖန်လုံအိမ်၏ နံရံနှင့် အမိုးတို့မှ ကာကွယ်ပေးသည်။

နေမှ အလင်းစွမ်းအင်၊ အပူစွမ်းအင်တို့သည် ကမ္ဘာ့လေထုကို ဖြတ်သန်း၍ မြေပြင်ပေါ်သို့ကျရောက်သည်။ ပုံမှန်အားဖြင့် အပူ အချို့အ၀က်ကို မြေပြင်မှ စုပ်ယူထားလိုက်ပြီး ကျန်သော အပူများကို အလင်းပြန်သကဲ့သို့ အာကာသကို ပြန်လည် စွန့်ထုတ်ရမည် ဖြစ်သည်။

သို့ရာတွင် လေထု အတွင်းရှိ ညစ်ညမ်းစေသော ဓာတ်ငွေ့များ နှင့်အခြား အရာများကြောင့် ၄င်းစွန့်ပစ်ရမည့် အပူများ ပြန်လည် စွန့်ထုတ်နိုင်ခြင်း မရှိဘဲ ကမ္ဘာ့လေထုအတွင်း စုဝေးနေခြင်းကို ဖန်လုံအိမ် အာနိသင်ဟုခေါ်သည်။

Aug 6, 2008

Traditional Game

ကျင်

ကျင် ဆိုသည်မှာ ကျား နှင့် ယင် ဆိုသော စကားနှစ်လုံး ပေါင်းစပ်ရာမှ ကျင်ဟူ၍ ဖြစ်လာသည်။ ကျင်အားကစားတွင် ယှဉ်ပြိုင်သူ အမျိုးသား နှစ်ဦးပါရှိပြီး တစ်ဦးက အဖမ်း တစ်ဦးက အခံဖြစ် သည်။ အဖမ်းသမားသည် ကျားကဲ့သို့ လျင်မြန်ဖြတ်လတ်ပြီး၊ အခံသမားသည် ယင်ကောင်ကဲ့သို့ လျင်မြန်သည်ဟု တင်စားရာမှ ကျားနှင့်ယင် ကစားနည်း ဖြစ်တည်ကာ နောက်ပိုင်းတွင် ကျင်ကစားနည်း ဖြစ်လာသည်။ ရခိုင်ဒေသ အခေါ်အဝေါ်အားဖြင့် ကျင်ကိုင်သည် ဟု သုံးနှုံးသည်။ အားခွန်ဗလ သန်မာမှုကို အဓိက ထားကစားသော ကစားနည်း ဖြစ်ပြီး၊ အခြားသော ကမ္ဘာ့နိုင်ငံများမှ နပန်းကဲ့သို့သော ကစားနည်းမျိုးနှင့် ကွာခြားသည်မှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက် သတ်ပုတ်ခြင်း မဟုတ်ဘဲ အားအင်နှင့် ပရိယာယ်ကို အသုံးပြုပြီး အဖမ်းသမားမှ ယှဉ်ပြိုင်ဖက် အခံသမားကို မြေပြင်သို့ လှဲချနိုင်စေရေး ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ရှေးရိုးရခိုင့် ရိုးရာ ကစားနည်း တစ်နည်းဖြစ်ပြီး ယခုထက်တိုင် ပျော်ပွဲရွှင်ပွဲ ကျင်းပတိုင်း ထည့်သွင်း ကျင်းပကြသည်။

အားခွန်ဗလပြည့်ဝသော ကျင်အားကစား ကစာသူများကို ကျင်သန်ဟုခေါ်ဆိုပြီး၊ အားခွန်ဗလနှင့် ပြည့်စုံသူများ ဖြစ်ရကား ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးမှ ကျင်ပွဲပါဝင်သော မည်သည့်ပွဲလမ်းသဘင်မဆို အထူးတလည် ဖိတ်ကြားခံရသူများ ဖြစ်သည်။

ကျင်ပွဲကျင်းပရာတွင် အများအားဖြင့် ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ အဆင့်ခွဲခြားထားပြီး ကျင်ပွဲ စပြိုင်သူသည် ငွေမောင်းတန်းမှ စတင်ယှဉ်ပြိုင်ရကာ၊ အကယ်၍ ပွဲစဉ်တစ်ခုခုတွင် ငွေမောင်းတန်း၌ အနိုင်ရ ဗိုလ်စွဲပါမှ နောက်ပိုင်း ယှဉ်ပြိုင်သော ပြိုင်ပွဲများတွင် ရွှေမောင်းတန်း၌ တက်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။

ကျင်ပွဲကျင်းပရာ ကွင်းမြေသည် ညီညာပြန့်ပြူးသော ကွင်းပြင်ဖြစ်၍ အများအားဖြင့် ၀ိုင်းစက်သော ပုံသဏ္ဌာန်ရှိကာ သဲဆန်သော မြေပြင်မျိုးကို ရွေးချယ်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကျင်အားကစားမှာ တစ်ဦးကို တစ်ဦး မြေပြင်တွင် လှဲချရသော ကစားနည်း ဖြစ်ရကား လဲကျသည့်တိုင် ဆူးညှောင့်များ ရှိမနေရေး အထူး ဂရုစိုက်ရသည်။ ကွင်း၏ တစ်ဘက်ဘက်တွင် ဒိုင်များ၊ ပွဲကျင်းပရေးအဖွဲ့များမှ မဏ္ဌပ်ဖြင့် နေရာယူကြရပြီး မဏ္ဌပ်ရှေ့ကွင်းပြင်ကို ၀ိုင်းပတ်ကာ ပွဲကြည့်ပရိသတ်များက ၀ိုင်းထိုင်ကြည့်ရှုရသည်။

ကျင်ပွဲ မကျင်းပမီတွင် ကွင်းဖွင့်အထိမ်းအမှတ် အနေဖြင့် ကလေးငယ်နှစ်ဦးက ကျင်ကိုင်သည့် ဟန်လုပ်၍ ကစားပြကာ ကွင်းကို ဖွင့်လှစ်လေ့ရှိသည်။ ထိုကလေး နှစ်ယောက် ကိုင်သော ကျင်ကို မင်္ဂလာကျင်ဟု ခေါ်သည်။ ကျင်ကိုင်ကြရာ၌ နှစ်ကြိမ် နှစ်ခါ ကိုင်ရခြင်း ဖြစ်ပြီး တစ်ကြိမ် အဖမ်းအလှည့်ဖြစ်ပြီး နောက်တစ်ကြိမ် အခံအလှည်ဖြစ်သည်။ အဖမ်းသမားမှ စတင်၍ ဖမ်းပြီးမှသာ အခံသမားက ခုခံပိုင်ခွင့်ရှိပြီး အဖမ်းသမား စတင် မဖမ်းမီ အခံသမားအနေဖြင့် လှုပ်ရှားခွင့် မရှိချေ။ အများအားဖြင့် အဖမ်းသမားသည် အသာစီးရသည်ဟု ထင်စရာရှိသော်လည်း၊ ကျွမ်းကျင်ပါးနပ်သော ကျင်သန်နှင့် တွေ့သောအခါ သူသည် အခံ အလှည့်ဖြစ်သည့်တိုင် အနိုင်ရသည်ထိ ကစားနိုင်သည်ကို တွေ့ရှိရသည်။

ကျင်ပွဲပြီးသောအခါ အနိုင်ရရှိသော ကျင်သန်သည် ကျင်ပွဲကျင်းပရာ ကွင်းပတ်လည်ရှိ ပရိသတ်တို့ ရှေ့မှောက်တွင် ခါးတောင်းကို မြောင်အောင်ကျိုက်ပြီး လှပစွာ ကသည်ကို ဒေသအခေါ် ကျင်ကွင်းသည်ဟု ခေါ်သည်။ ကျင်သန်အနေဖြင့် ပွဲကျင်းပရာ ဌာနမှ ဆုတော်ငွေ ရရှိသည့်အပြင် ကွင်းပတ်လည်တွင် ကြည့်ရှုနေကြသော ပရိသတ်များမှ ဆုချခြင်းမှလည်း ဆုတော်ငွေများ အမြောက်အမြားရတတ်သည်။

Alternative Energy Sources

အစားထိုး စွမ်းအင် ရင်းမြစ်များ

အစားထိုး စွမ်းအင်များ ရှာဖွေရခြင်း အတွက် အကြောင်းရင်း အမြောက်အမြား ရှိပါတယ်။ လေထု ညစ်ညမ်းစေတဲ့ အရာများနဲ့ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ လျှော့ချရေး ကြိုးပမ်းမှုအနေနဲ့ အမေရိကန်နဲ့ နိုင်ငံ အများအပြား ရေးထိုးခဲ့ကြတဲ့ ကျိုတို သဘောတူညီချက်ဟာ ယနေ့ခေတ်ရဲ့ အဓိက အာရုံစိုက်နေကြတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ အစားထိုးစွမ်းအင် (သို့မဟုတ်) ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင် ရင်းမြစ်တွေက လက်ရှိ စွမ်းအင် သုံးစွဲမှုရဲ့ ဘေးထွက် ဆိုးကျိုး ဖြစ်တဲ့ အဆိပ်သင့်ပစ္စည်းများ ထုတ်လွှတ်မှုကို လျှော့ချနိုင်စေဖို့ အတော်လေး အထောက်အကူ ပြုစေမှာ သေချာပါတယ်။ အစားထိုး စွမ်းအင်သုံးစွဲခြင်းဖြင့် ဘေးဖြစ်စေတဲ့ ဘေးထွက်ပစ္စည်းထုတ်လွှတ်မှုကို တားဆီးနိုင်ရုံမကဘဲ ယနေ့ခေတ်ရဲ့ အဓိက စွမ်းအင် ရင်းမြစ်အနေနဲ့ သုံးစွဲနေကြရတဲ့ သဘာဝ သယံဇာတရင်းမြစ်များကိုလည်း ယုတ်လျော့မှု မရှိစေအောင် ထိန်းသိမ်းနိုင်ပါတယ်။

ဇီဝရုပ်ကြွင်းလောင်စာများကဲ့သို့ ပြန်လည်ဖြည့်တင်းခြင်း မပြုနိုင်တဲ့ စွမ်းအင် ရင်းမြစ်တွေကို ထိန်းသိမ်းဖို့နဲ့ အလွန်တရာမှ သိမ်မွေ့တဲ့ကမ္ဘာမြေရဲ့ သဘာဝမျှခြေကို ထိန်းထားနိုင်ရေးအတွက် အစားထိုး လောင်စာ သုံးစွဲမှုက ဘယ်ပုံဘယ်နည်း အထောက်အကူပြုတယ်ဆိုတာ သဘောပေါက်စေဖို့အတွက် ဘယ်လိုမျိုး အစားထိုး လောင်စာတွေ ရယူသုံးစွဲနိုင်မလဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။

လေစွမ်းအင်

လေအားလျှပ်စစ်ထုတ်စက် တာဘိုင်ရဲ့ ဒလက်များ လည်ပတ်စေဖို့အတွက် လေတိုက်ခတ်မှု စွမ်းအားကို အသုံးပြုပါတယ်။ ဒလက်များက လျှပ်ထုတ်စက် ဂျင်နရေတာကို လည်ပတ်စေခြင်းဖြင့် လျှပ်စီးရအောင် ပြောင်းလဲပေးပါတယ်။ ရှေးကျတဲ့ လေအားနဲ့လည်တဲ့ စက်တွေမှာ လေစွမ်းအင်ကို အသုံးချပြီး စက်ပစ္စည်းများကို လည်ပတ်စေခြင်းဖြင့် ပဲမျိုးစုံ ကြိတ်ခွဲခြင်း၊ ရေတင်ခြင်း အစရှိတဲ့ အလုပ်မျိုးကို လုပ်ဆောင်စေတယ်။ ဒလက်တပ်ထားတဲ့ တိုင်အမြင့် (တာဝါ) ကို လေတိုက်နှုံးမြင့်တဲ့ ကွင်းပြင်လို နေရာမျိုးမှာ တည်ဆောက်ရတယ်။ လေအားလျှပ်စစ်ကို ပမာဏ အမြောက်အမြားရအောင် ထုတ်ယူပြီး နိုင်ငံနဲ့ ချီတဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်တွေမှာ အသုံးပြု သလို အိမ်တစ်လုံးချင်း သို့မဟုတ် သတ်မှတ်ထားတဲ့ နေရာ ဒေသ တစ်ခုအတွက် လေအားလျှပ်စစ် ထုတ်စက် တစ်လုံးချင်း တည်ဆောက်ပြီးလည်း သုံးကြတယ်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်မှာတော့ တကမ္ဘာလုံး စုစုပေါင်း လေအားလျှပ်စစ် ထုတ်လုပ်မှု ပမာဏဟာ 58,982 megawatts အထိ ရှိပြီး ဒီပမာဏဟာ တကမ္ဘာလုံး လျှပ်စစ်သုံးစွဲမှုရဲ့ ၁ ရာခိုင်နှုံးထက် နည်းသေးတာတွေ့ရတယ်။

အားသာချက်များ
· ရုပ်ကြွင်းလောင်စာတွေ မီးရှို့သုံးတာလိုမျိုး ဓာတုဓာတ်ပြုမှု မရှိတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင်အတွက် ညစ်ညမ်းစေမှု ကင်းတယ်။ လေအားလျှပ်စစ်ထုတ်ယူမှုကနေ ဘေးထွက် ဆိုးကျိုးလည်း လုံးဝကို ကင်းရှင်းတယ်။
· ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ရင်းမြစ်ဖြစ်တဲ့ အတွက်ကြောင့် စွမ်းအင် ကုန်ဆုံး ခမ်းခြောက်သွားဖို့ မရှိဘူး။
· လေအားလျှပ်စစ် ထုတ်စက် တည်ဆောက်ထားရာ နေရာမှာ လယ်ယာလုပ်ငန်း ဆက်လက် လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်လည်း ဇီဝလောင်စာ ထုတ်လုပ်မှု ကိုလည်း အထောက် အကူ ပြုတယ်။
· လေအားလျှပ်စစ်ထုတ်စက်ကို ကမ်းလွန်ပင်လယ်ပြင်မှာလည်းပဲ တည်ဆောက်နိုင်တယ်။


အားနည်းချက်များ
· လေတိုက်နှုံးသည် တသမတ်တည်း မရှိဘူး။ ပုံမှန် စွမ်းအင် ပမာဏ ရရှိစေဖို့ လေတိုက်နှုံး တသမတ်တည်း လိုအပ်ပါတယ်။ အကယ်၍ လေတိုက်နှုံး လျော့သွား ခဲ့မယ်ဆိုရင် တာဘိုင်လည်နှုံး လျော့ကျသွားမှာ မို့လို့ လျှပ်စစ်ထုတ်လုပ်မှုလည်း လျော့ကျသွားပါလိမ့်မယ်။
· သဘာဝကွင်းပြင်ကျယ်မှာ ရှုခင်းအားဖြင့် အကျည်းတန်စေတယ်။

နေရောင်ခြည် စွမ်းအင်

နေစွမ်းအင်ကို အပူပေးခြင်း၊ ချက်ပြုတ်ခြင်း၊ လျှပ်စစ် ထုတ်ခြင်း သာမက ပင်လယ်ရေမှ ရေချို ထုတ်ခြင်း လုပ်ငန်းတွေမှာပါ ပုံမှန်အားဖြင့် အသုံးပြုတယ်။ နေရောင်ခြည် ထိတာနဲ့ လျှပ်စစ်ထုတ်လုပ်ပေးနိုင်တဲ့ နေစွမ်းအင်သုံး ဆဲလ်တွေနဲ့ နေရောင်ခြည်ကို ဖမ်းယူတယ်။ ဒါ့အပြင် နေရဲ့ နေရောင်ခြည်ကို အသုံးပြုပြီး ရေ (သို့မဟုတ်) လေကို အပူပေးနိုင်ဖို့လည်း အသုံးပြု ကြပါသေးတယ်။ ဘဲဥပုံ မှန်ခုံးကို အသုံးပြုပြီး နေရောင်ခြည်စွမ်းအင်နဲ့ ရေကို ကြိုချက်ပြီး ရေနွေးငွေ့ထုတ်လုပ်ခြင်း၊ အိမ်တွေမှာ ပြူတင်းပေါက်၊ တရုပ်ကပ်တွေကို ဖွင့်ပြီး နေရောင်ခြည်ကို အခန်းတွင်း ၀င်ရောက်စေခြင်းဖြင့် အခန်းကို တဆင့်ခံ အနွေးဓာတ်ပေးခြင်းတို့တွေ အတွက်လည်း အသုံးပြုတယ်။

အားသာချက်များ
· နေစွမ်းအင်ဟာ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ရင်းမြစ်ဖြစ်တယ်။ နေ တည်ရှိနေသမျှ ကာလပတ်လုံး နေစွမ်းအင်သည် ကမ္ဘာမြေကို ကျရောက်နေမှာဖြစ်တယ်။
· လောင်စာများ လောင်ကျွမ်းမှု မရှိတဲ့ အတွက် နေစွမ်းအင် ထုတ်လုပ်မှုကနေပြီး ရေလေ ညစ်ညမ်းစေမှု လုံးဝ မရှိပါဘူး။
· အပူပေးခြင်း အလင်းရောင်ပေးခြင်း တို့အတွက် နေစွမ်းအင်ကို အလွန်အကျိုးရှိစွာ အသုံးချနိုင်တယ်။
· ရေကူးကန်၊ ရေတိုင်ကီ တို့မျိုး အပူပေးခြင်းစတဲ့ အကျိုးကျေးဇူး တွေကတော့ အလွယ်တကူ မြင်လွယ်တွေ့လွယ်ပါတယ်။


အားနည်းချက်များ
· နေမပူတဲ့ အချိန်ဆိုရင် နေစွမ်းအင် ထုတ်လို့ မရဘူး။ ညဖက်တွေနဲ့ တိမ်ဖုံးတဲ့နေ့တွေမှာ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ပမာဏ အကန့်အသတ်ရှိတယ်။်
· နေစွမ်းအင်ထုတ်စက် တည်ဆောက်မှု ကုန်ကျစရိတ် အလွန်ကြီးမားတယ်။

ဘူမိအပူစွမ်းအင်

စာပေ အသုံးအနှုံးအရ ဘူမိအပူဆိုသည်မှာ မြေကမ္ဘာ၏ အပူဖြစ်ပါတယ်။ မြေအောက်တွင် သိုအောင်း လျက်ရှိသော အပူဓာတ်ကို ထုတ်ယူအသုံးချခြင်း ဖြစ်ပါတယ်။ အပူဓာတ် ခိုအောင်းလျက် ရှိတဲ့ ကျောက်လွှာများက ရေကို အပူပေးကာ ရေနွေးငွေ့အဖြစ် ပြောင်းလဲစေတယ်။ မြေပြင်ကို လွန်သွားများဖြင့် တွင်းများ တူးပြီး ပန်းထွက်လာသော ရေနွေးငွေ့ကို သန့်စင်ကာ တာဘိုင်များ လည်ပတ်စေရန် အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်သည်။

အားသာချက်များ
· စည်းစနစ်မှန်ကန်စွာ လုပ်ဆောင်မယ်ဆိုရင် ဘူမိအပူစွမ်းအင်သည် ဘေးထွက် ဆိုးကျိုးဖြစ်ပစ္စည်း မထွက်ပါဘူး။
· ဘူမိအပူလျှပ်စစ်ထုတ်စက်ရုံ တစ်ကြိမ်တည်ဆောက်ပြီးရင် ပုံမှန်အားဖြင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်။
· ဘူမိအပူစွမ်းအင်ထုတ်စက်တွေဟာ အများအားဖြင့် သေးငယ်ပြီး သဘာဝ မြေမျက်နှာပြင်သွင်ပြင်ကို ထိခိုက်စေမှု နည်းတယ်။


အားနည်းချက်များ
· တည်ဆောက် ပုံ မှားယွင်းမယ်ဆိုရင်တော့ ဘူမိအပူစွမ်းအင်ဟာ ညစ်ညမ်းမှု ထုတ်လွှတ်နိုင်ပါတယ်။
· မြေပြင်ကို ထွင်းဖောက်တူးတဲ့ အခါမှာ ပုံစံမကျခဲ့ရင် ဘေးဖြစ်စေတတ်တဲ့ သတ္တုနဲ့ ဓာတ်ငွေ့တွေ ထွက်လာတတ်တယ်။
· ဘူမိအပူ လျှပ်စစ်ထုတ်စက် တွေမှာ ရေနွေးငွေ့တွေ ပန်းထွက်တာမျိုး ဖြစ်လေ့ဖြစ်ထရှိတယ်။

ရေအားလျှပ်စစ်

ဆည်တွေ ရေကာတာတွေနဲ့ သိုလှောင်ထားတဲ့ ရေကို ဖွင့်ချစီးဆင်းစေရာက ရတဲ့ ရေစီးအားနဲ့ တာဘိုင်နဲ့ လျှပ်စစ်ထုတ်စက်တွေကို လည်ပတ်စေရာကနေ လျှပ်စစ်ထုတ်ယူတယ်။ ရေအားလျှပ်စစ် ထုတ်နည်း နောက်တစ်နည်းကတော့ သိုလှောင်ထားစရာ မလိုတဲ့ ဒီရေလိုမျိုး အတက်အကျရှိတဲ့ ရေအားကို အသုံးပြု၍ လျှပ်စစ်ထုတ်ယူခြင်း ဖြစ်တယ်။ ရေကာတာ (သို့မဟုတ်) တူးမြောင်း လိုမျိုး တစ်နေရာကနေ ဆီးပြီး မြစ်ရဲ့ ကမ္ဘာမြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ စီးဆင်းမှု အရှိန်ကို အသုံးချပြီး ရေအားလျှပ်စစ်ထုတ်လုပ်တယ်။ အဲဒီ ဆည်တည်ထားတဲ့ နေရာမှာ ဖြစ်ပေါ်တဲ့ ရေရဲ့ ဖိအားစီးနင်းတဲ့ အရှိန်ကို တာဘိုင်ဒလက်တွေ လည်စေဖို့ အသုံးချတယ်။ ရေအားနဲ့ ထုတ်ယူရရှိတဲ့ လျှပ်စစ်ကနေပဲ ရေကို နောင်တစ်ချိန်သုံးစွဲနိုင်စေဖို့ မော်တာနဲ့ ပြန်လည် မောင်းတင် ထိမ်းသိန်းထားနိုင်တယ်။

အားသာချက်များ
· ရေကို လှောင်ကန်နဲ့ လှောင်ပြီး ပြန်လည် လွှတ်ချတယ်။ ဒါ့ကြောင့် အခြား အစားထိုး စွမ်းအင်တွေနဲ့ မတူတာက ချက်ချင်း လိုအပ်တဲ့ ရေအားပမာဏ၊ ရေရရှိနိုင်မှုကို ထိခိုက်စေမဲ့ ပြင်ပသက်ရောက်မှုတွေ မရှိတဲ့ အတွက် လျှပ်စစ်စွမ်းအင်ကို ပုံမှန်နှုံးနဲ့ ထုတ်ယူနိုင်တယ်။
· စွမ်းအင်ထုတ်လုပ်မှု အတွက် ဓာတု ဓာတ်ပြုမှု မရှိတဲ့ အတွက် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု မရှိဘူး။
· ရေအားလျှပ်စစ်အတွက် သုံးသော ရေကို ပြန်လည် သုံးစွဲနိုင်သည်။


အားနည်းချက်များ
· ရေလှောင်ကန်၊ ဆည်များ တည်ဆောက်မှု ကုန်ကျငွေ မြင့်မားသည်။
· စွမ်းအင်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေစီးအားနှင့် လုံလောက်သော ပမာဏ ရရှိရန် လိုအပ်သည်။

မူရင်းစာ

*********************************************************************************************************************
မြန်မာဝီကီမှာ နည်းနည်း ၀င်ရှုပ်မယ်လို့ ရည်ရွယ်ပြီး ဘာသာပြန်တာပါ။ လောလောဆယ် သွားတင်တာတော့ အဆင်မပြေ သေးဘူးဗျ။ မြန်မာဝီကီက ဆရာသမားတွေကို အလုပ်လိုက် ရှုပ်ခိုင်း လိုက်ဦးမှနဲ့ တူပါတယ်။

Aug 5, 2008

Flag on Signboard!

မကြာခင် သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တော့မဲ့ စင်္ကာပူနိုင်ငံ အမျိုးသားနေ့ အတွက် စင်္ကာပူနိုင်ငံ တ၀ှမ်းမှာ မြင်မြင်သမျှ နေရာတိုင်းမှာ သူတို့ နိုင်ငံတော် အလံကို လွှင့်ထူ နေကြတာ တွေ့ရပါတယ်။ တိုက်ဆိုလည်း တိုက်မို့လို့ ဓာတ်တိုင်ဆိုလည်း ဓာတ်တိုင်မို့လို့ တွေ့တွေ့သမျှသော နေရာမှာ အလံတွေ အလံတွေ။ အလံတွေ မြင်ရတာတော့ မထူးဆန်းပါဘူး။

သို့ပေမဲ့ ဒီနေ့ နေ့လည် ထမင်းစားဖို့ Food Court ကို လမ်းလျှောက် သွားတော့ တွေ့ရတဲ့ အလံကိုတော့ သဘောကျလို့ ဓာတ်ပုံ ရိုက်လာ ဖြစ်ပါတယ်။ အလံ ထူချင်လွန်းလို့ မြင်မြင်သမျှသော တိုင်တွေမှာ ထူရင်း၊ ထူရင်း နောက်ဆုံး ယာဉ်အချက်ပြ "ရပ်"ဆိုတဲ့ ဆိုင်းဘုတ် မှာမှ ထူမိတဲ့ အခါ.....။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...